Subscribe Us

header ads

Wi-Fi လှိုင်းများဖြင့် ခန္ဓာကိုယ်ကို ဖော်ထုတ်ခြေရာခံနိုင်သည့် နည်းပညာသစ်ကို အီတလီသုတေသီများစမ်းသပ်

Image: Warnar Bros. (via PCWorld)

ကင်မရာတွေ၊ facial recognition တွေကို စိုးရိမ်နေရတာနဲ့တင် မလုံလောက်သေးဘူးဆိုရင် သုတေသီတွေက Wi-Fi လှိုင်းတွေသုံးပြီး လူတွေကို ခြေရာခံနိုင်တဲ့ နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ဒီနည်းပညာဟာ သင့်ရဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ဘာမှမဆိုင်ဘဲ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်က Wi-Fi လှိုင်းတွေနဲ့ ဘယ်လို အပြန်အလှန်တုံ့ပြန်လဲဆိုတဲ့ အချက်ပေါ်မူတည်ပြီး ခြေရာခံတာမျိုးပါ။

အီတလီနိုင်ငံ၊ ရောမမြို့ ရဲ့ La Sapienza တက္ကသိုလ်က သုတေသီတွေ တီထွင်ခဲ့တဲ့ "WhoFi" ဆိုတဲ့ စနစ်က "The Dark Knight" ရုပ်ရှင်ထဲမှာဆိုနာနည်းပညာအသုံးပြုခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကို သတိရစေပါတယ်။ ကြိုးမဲ့အီလက်ထရွန်နစ်လှိုင်းတွေက ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာနဲ့ ဘယ်လို အပြန်အလှန်တုံ့ပြန်လဲဆိုတာကို ခြေရာခံတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်တစ်ခုနီးပါးလောက်ကတည်းက Wi-Fi ကိုသုံးပြီး အဆောက်အဦတစ်ခုရဲ့ 3D မြေပုံကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီစနစ်သစ်က လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ကို ခြေရာခံနိုင်ပြီး Wi-Fi လှိုင်းတွေ သူတို့ခန္ဓာကိုယ် ဆီက ဘယ်လို ပြန်ကန်ထွက်လာလဲ ဒါမှမဟုတ် ဖြတ်သန်းသွားလဲဆိုတာကို အခြေခံပြီး တစ်နေရာမှာ ဖော်ထုတ်ထားတာကို နောက်တစ်နေရာမှာပါ ပြန်လည်သိရှိနိုင်ပါတယ်။

၂၀၂၀ ခုနှစ်လောက်ကလည်း နည်းပညာကို အလားတူကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် ၇၅ ရာခိုင်နှုန်းသာ တိကျမှုရှိတာကြောင့် ခြေရာခံဖို့အတွက် မလုံလောက်ခဲ့ပါဘူး။ The Register က ဖော်ထုတ်ခဲ့တဲ့ သုတေသနစာတမ်းအရ WhoFi စနစ်ဟာ Neural Network နဲ့ ပေါင်းစပ်အသုံးပြုတဲ့အခါ တိကျမှု ၉၅.၅ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ဆိုပါတယ်။ ဒီစနစ်ဟာ အလင်းရောင် အခြေအနေတွေရဲ့ သက်ရောက်မှုကို မခံရဘဲ နံရံတွေနဲ့ တခြား ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေကို ဖြတ်ပြီး မြင်တွေ့နိုင်တာကြောင့် ကင်မရာတွေနဲ့ သမားရိုးကျ ခွဲခြားဖော်ထုတ်နည်းတွေကို ပုံစံမျိုးစုံနဲ့ ကျော်ဖြတ်နိုင်ပါတယ်။

Wi-Fi ဟာ အများပြည်သူနဲ့ ပုဂ္ဂလိက နေရာတိုင်းနီးပါးမှာ အသုံးများနေတာကြောင့် ဒီနည်းပညာရဲ့ သက်ရောက်မှုတွေဟာ ထိတ်လန့်စရာကောင်းပါတယ်။ အန္တရာယ်မရှိသလို ထူးဆန်းတဲ့ အသုံးချမှုတစ်ခုကတော့ သီးခြားဖောက်သည်တစ်ဦး စတိုးဆိုင်ကို ပြန်လာတဲ့အခါ သိရှိပြီး "ပြန်လည်ကြိုဆိုပါသည်" လက်ဆောင်အဖြစ် ကူပွန် မက်ဆေ့ချ် ပို့ပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ပိုပြီး ကြောက်စရာကောင်းတဲ့ အသုံးချမှုကတော့ Wi-Fi ဒေတာတွေကို ရောင်းချခဲ့ရင် ဒါမှမဟုတ် တခြားနည်းနဲ့ ရယူခဲ့ရင် လူတစ်ယောက် ဘယ်နေရာကို ဘယ်အချိန် သွားလာတယ်ဆိုတာကို ခြေရာခံနိုင်တာဖြစ်ပြီး နေအိမ်အတွင်းအထိ သိရှိနိုင်ပါတယ်။ ဒီလိုနည်းပညာမျိုးကို အစိုးရယန္တရားတွေအနေနဲ့ ဒီဒေတာတွေကို ဘယ်လောက်တောင်စိတ်ဝင်စားလိမ့်မလဲဆိုတာ မေးစရာတောင် မလိုပါဘူး။

လက်ရှိအချိန်မှာ WhoFi စနစ်ဟာ သဘောတရားသက်သေပြချက် အဆင့်မှာပဲ ရှိသေးပြီး အလွန်အဆင့်မြင့်တဲ့ ဆော့ဖ်ဝဲလ်အချို့ဖန်တီးဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမဲ့ ဒါဟာ တကယ်ဖြစ်လာနိုင်တဲ့ နည်းပညာဖြစ်ပြီး ဒီနည်းပညာကို တီထွင်ဖို့ အသုံးပြုတဲ့ Hardware ကလည်း ထူးထူးခြားခြား ဘာမှမရှိပါဘူး။ စာတမ်းမှာပါဝင်တဲ့ အချက်အလက်တွေအရ ဒီရလဒ်တွေကို TP-Link N750 Router နှစ်လုံးကနေ ထုတ်ပေးတဲ့ Wi-Fi လှိုင်းတွေကို အသုံးပြုပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ Router တွေဟာ နောက်ဆုံးပေါ်၊ အမြန်ဆုံး Wi-Fi နည်းပညာကိုတောင် မသုံးထားတဲ့ ရိုးရိုးမော်ဒယ်တွေပဲ ဖြစ်ပါတယ်။

ဒီသက်ရောက်မှုတွေကို ထူးဆန်းတယ်လို့ ထင်တဲ့သူတွေအတွက် ပေးနိုင်တဲ့ တစ်ခုတည်းသော နှစ်သိမ့်မှုကတော့ စမ်းသပ်မှုစနစ်ဟာ တရားစီရင်ရေးဆိုင်ရာ အထောက်အထားအဆင့် မဟုတ်သေးဘူးဆိုတာပါပဲ။ အချက်အလက်တွေကို ထပ်မံရည်ညွှန်းရမယ်ဆိုရင် သုတေသီတွေဟာ ခြေရာခံဖို့အတွက် မတူညီတဲ့ လူ ၁၄ ယောက်ကို အသုံးပြုခဲ့ပြီး တစ်ယောက်ချင်းစီက အခြေခံအဝတ်အစား၊ အပေါ်ဝတ်အကျီၤနဲ့ ကျောပိုးအိတ်တို့ကို ဝတ်ဆင်ထားပါတယ်။ အဲဒီလို သေးငယ်တဲ့ နမူနာအပေါ် ၉၅ ရာခိုင်နှုန်း တိကျမှုရရှိတာက ဥပမာ- ရာဇဝတ်မှု စစ်ဆေးရေးမှာ သက်သေအဖြစ် တင်ပြဖို့တော့ မလုံလောက်နိုင်ပေမယ့် တစ်စုံတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် ခြေရာခံနိုင်လောက်တဲ့ အခြေအနေကိုတော့ သေချာပေါက် ရောက်ရှိနေပြီဖြစ်ပါတယ်။

Source: PCWorld

Post a Comment

0 Comments