ဖုန်မှုန့်တွေ စုပုံလာတာက အီလက်ထရွန်နစ်ပစ္စည်းတွေအတွက် မကောင်းပါဘူး။ အထူးသဖြင့် လေဝင်လေထွက်ကောင်းကောင်းနဲ့ အအေးပေးစနစ်လိုအပ်တဲ့နေရာတွေအတွက်ဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ ခေတ်ပေါ် PC နဲ့ laptop တွေမှာ ဖုန်စစ်ဇကာတွေက ပုံမှန်ပါဝင်လာတယ်ဆိုပေမဲ့ ဒီလိုရိုးရှင်းတဲ့ဇကာတွေက ဖုန်အမှုန်အမွှားတွေကို ထိထိရောက်ရောက် မကာကွယ်ပေးနိုင်ပါဘူး။ ဇကာပေါက်တွေကို ပိုစိတ်အောင်လုပ်ပြီး ဖုန်စစ်ထုတ်မှုကို ပိုကောင်းအောင်ကြိုးစားရင်လည်း လေဝင်လေထွက်ကို ထိခိုက်စေမှာပါ။ ဒါပေမဲ့ နှပ်ရည်လို စေးကပ်တဲ့အရာနဲ့ ဖုံးအုပ်ထားတဲ့ နှာခေါင်းမွှေးတွေရဲ့ သဘာဝအတိုင်း စစ်ထုတ်နိုင်စွမ်းကို အတုယူစိတ်ကူးထားတဲ့ သုတေသနစာတမ်းတစ်ခုမှာတော့ ဒီပြဿနာအတွက် အဖြေတွေ ရှိနိုင်လောက်ပါတယ်။
ဒီသုတေသနဟာ သမားရိုးကျ လေစစ်ဇကာ တွေရဲ့ လေသန့်စင်မှု အားနည်းပုံကို ဖော်ပြပြီး၊ စေးကပ်တဲ့အရာနဲ့ ဖုံးအုပ်ထားတဲ့ အမွှေးတွေနဲ့ပြည့်နေတဲ့ လူ့နှာခေါင်းကို တုပထားတဲ့ filter တွေကို ဖန်တီးဖို့အဆိုပြုထားတာပါ။ တောင်ကိုရီးယားနိုင်ငံက Chung-Ang တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုတွေအရ "Bioinspired capillary force-driven super-adhesive filter" လို့ခေါ်တဲ့ ဒီ filter ဟာ စိတ်ကူးယဉ်မှုသက်သက်တစ်ခု မဟုတ်ဘူးဆိုတာကို ပြသခဲ့ပါတယ်။
ဒီသဘာဝကိုတုပထားတဲ့ စစ်ထုတ်နည်းပညာရဲ့ ထိရောက်မှုကို ဆိုးလ်မြို့ပတ်ဝန်းကျင်က လက်တွေ့ကွင်းဆင်းစမ်းသပ်မှုတွေနဲ့ တက္ကသိုလ်ဓာတ်ခွဲခန်းတွေမှာ အတည်ပြုခဲ့ပါတယ်။ ကွင်းဆင်းစမ်းသပ်မှုတွေအပြီးမှာ သိပ္ပံပညာရှင်တွေက ဒီ filter အသစ်တွေဟာ သမားရိုးကျ filter တွေထက် ဖုန်အမှုန်အမွှားတွေကို သိသိသာသာ ပိုမိုဖမ်းယူနိုင်ခဲ့တယ်လို့ အခိုင်အမာဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာ လက်ရှိသုံးနေတဲ့ filter တွေထက် နှစ်ဆကနေ သုံးဆအထိ ပိုပြီးကြာရှည်ခံတယ်လို့လည်း ဆိုပါတယ်။ ဒီရလဒ်တွေအရဆိုရင်တော့ ဒီ filter အသစ်တွေဟာ သမားရိုးကျ filter တွေထက် ကုန်ကျစရိတ်ပိုပြီး သက်သာစေမှာ ဖြစ်ပါတယ်။
သဘာဝတရားကြီးကို အတုယူရခြင်းရဲ့ တခြားအားသာချက်တွေလည်း ရှိပါသေးတယ်။ လက်တွေ့စမ်းသပ်မှုတွေမှာ ဖုန်မှုန်တွေ filter ထဲကနေ ပြန်လွင့်ထွက်လာမှုကိုလည်း အနည်းဆုံးဖြစ်အောင် ထိန်းထားနိုင်တာကို သတိပြုမိခဲ့ကြပါတယ်။
ဒီ filter အသစ်တွေ အောင်မြင်မှုရဲ့ နောက်ကွယ်က အဓိကဒီဇိုင်းအချက်တစ်ချက်ကတော့ အရည်ရဲ့ ဆွဲငင်ကပ်ညိနိုင်စွမ်း သဘောတရားကို အသုံးချဖို့အတွက် အသုံးပြုထားတဲ့ "နှာရည်" အစားထိုးပစ္စည်းပါပဲ။ အထူးဖော်စပ်ထားတဲ့၊ ဇီဝကမ္မနဲ့သဟဇာတဖြစ်တဲ့ ဆီလီကွန်ဆီ (silicon oil) ကို အထူ 200–500nm ကြားရှိတဲ့အလွှာအဖြစ် သုံးစွဲခြင်းက စစ်ထုတ်မှုစွမ်းဆောင်ရည်အတွက် အကောင်းဆုံးဖြစ်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
Image: Chung-Ang University |
နောက်ထပ် သဘောကျစရာအချက်ကတော့ ဒီ filter အသစ်တွေကို ဆေးကြောပြီး ပြန်လည်အသုံးပြုလို့ရတယ်ဆိုတာပါပဲ။ ဆပ်ပြာနဲ့ဆေးကြောပြီး အခြောက်ခံပြီးတဲ့အခါ ဆီလီကွန်ဆီကို ရိုးရှင်းတဲ့ စပရေးဘူးတစ်ခုသုံးပြီး ပြန်လည်လိမ်းကျံပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ကျုပ်တို့ကတော့ ဒီ filter တွေကို ကွန်ပျူတာ hardware တွေနဲ့ တွဲဖက်အသုံးပြုနိုင်ခြေကို အာရုံစိုက်ခဲ့ပေမယ့်၊ သုတေသီတွေကတော့ ဒီနည်းပညာသစ်ကို လေအေးပေးစက်တွေနဲ့ စက်မှုလုပ်ငန်းသုံး လေသန့်စင်စနစ်တွေလိုမျိုး ပစ္စည်းတွေမှာ "လေသန့်စင်ရေးနည်းပညာရဲ့ အလားအလာသစ်တစ်ခု" ကို ဖွင့်လှစ်ပေးဖို့အတွက် အဓိကရည်ရွယ်ထားတာပါ။ ဒါကြောင့် ဒီ filter တွေဟာ "ရုံးခန်းတွေ၊ စက်ရုံတွေ၊ သန့်စင်ခန်းတွေ၊ data center တွေနဲ့ ဆေးရုံတွေ" လိုမျိုး နေရာတွေမှာ သန့်ရှင်းတဲ့လေကို ပေးစွမ်းဖို့အတွက် ပထမဆုံးနေရာယူလာဖွယ်ရှိနေပါတယ်။
0 Comments