Subscribe Us

header ads

မျိုးဆက်သစ် Xbox ဂိမ်းစက်တွင် Steam နှင့် Epic မှ ဂိမ်းများ ဆော့ကစားနိုင်မည်ဖြစ်ကာ AMD Chip များကို အသုံးပြုလာမည်

Xbox ရဲ့ ဥက္ကဋ္ဌဖြစ်သူ Sarah Bond က Microsoft ရဲ့ မျိုးဆက်သစ်ဂိမ်းစက်ဟာ ဒစ်ဂျစ်တယ်ဂိမ်းစတိုးမျိုးစုံက ဂိမ်းတွေကို အထောက်အပံ့ပေးသွားမှာဖြစ်ပြီး ဂိမ်းအဟောင်းတွေကို ပြန်လည်ဆော့ကစားနိုင်တဲ့ စွမ်းရည်ကိုလည်း ဆက်လက်ထိန်းသိမ်းထားမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါ့အပြင် AMD နဲ့ သဘောတူညီချက်အသစ်တစ်ခုကိုလည်း ကြေညာခဲ့ပြီး တရားဝင် Xbox လက်ကိုင်ဂိမ်းစက်တစ်လုံးလည်း ဖန်တီးနေဆဲဖြစ်တယ်ဆိုတာကို အရိပ်အမြွက်ပြသလိုက်ပါတယ်။ ဒါကြောင့် Microsoft ရဲ့ နောင်လာမယ့် ဘယ်လို console မဆို AMD Chip တွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ ယူဆရပါတယ်။

Microsoft ရဲ့ ဟာ့ဒ်ဝဲအမျိုးအစားမရွေးတဲ့ ဂိမ်းလုပ်ငန်းနဲ့ Valve ရဲ့ Steam Deck အပေါ် တုံ့ပြန်မှုတွေက သူတို့ရဲ့မျိုးဆက်သစ်ဂိမ်းစက်ကို ကိုယ်ပိုင်ဂေဟစနစ်ထဲမှာသာ ပိတ်လှောင်ထားတဲ့ပုံစံကို လုံးဝစွန့်လွှတ်တော့မှာဖြစ်ကြောင်း မကြာသေးခင်က ထင်ကြေးတွေ ပေါ်ထွက်ခဲ့ပါတယ်။ အခု Xbox ရဲ့ အကြီးအကဲ ကိုယ်တိုင်က ဒီလိုကြေညာလိုက်ပြီမို့ အရင်ကထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေကို အတည်ပြုလိုက်သလိုဖြစ်ပြီး ယခင်ရှိပြီးသား ဂိမ်းအဟောင်းတွေကို ဆက်လက်ဆော့ကစားလို့မရတော့မှာကို စိုးရိမ်နေရမှုတွေကိုလည်း ပြေလျော့စေခဲ့ပါတယ်။

တစ်မိနစ်စာဗီဒီယိုတစ်ခုမှာ Sarah Bond က Microsoft ဟာ ဧည့်ခန်းမှာထားပြီးသုံးဖို့ရော၊ လက်ကိုင်ဂိမ်းစက်အနေနဲ့ သုံးဖို့ပါ ရည်ရွယ်တဲ့ device အသစ်များစွာအတွက် AMD နဲ့အတူ ပရိုဆက်ဆာတွေကို ပူးပေါင်းဖန်တီးသွားမယ်လို့ ရှင်းပြခဲ့ပါတယ်။ လာမယ့် chip တွေမှာ နောက်မျိုးဆက် ဂရပ်ဖစ်နည်းပညာတွေပါဝင်မှာဖြစ်ပြီး AI ကိုလည်း တစ်နည်းမဟုတ်တစ်နည်း ထည့်သွင်းအသုံးပြုသွားမယ်လို့ ကုမ္ပဏီနှစ်ခုလုံးက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

Sarah Bond က Steam ဆိုတဲ့ နာမည်ကို တိတိကျကျမပြောခဲ့ပေမယ့် Microsoft အနေနဲ့ ဂိမ်းစတိုးမျိုးစုံကဂိမ်းတွေနဲ့ ထုတ်ကုန်အများအပြားကို အထောက်အပံ့ပေးမယ့် platform တစ်ခုကို ဖန်တီးနေတယ်လို့တော့ ပြောဆိုခဲ့ပါတယ်။ ယေဘုယျအားဖြင့် ဒီအစီအစဉ်ဟာ Windows OS သုံးပြီး အလုပ်လုပ်တဲ့ ROG Ally လိုမျိုး handheld တွေအပေါ်အဆင့်မြှင့်တင်မှုတစ်ခုလို့ ဆိုလိုဟန်ရှိပါတယ်။

Asus ကထုတ်လုပ်တဲ့ လာမယ့် လက်ကိုင် device တွေဟာ သမားရိုးကျ Windows desktop အစား Steam၊ Epic Games Store၊ Game Pass နဲ့ Microsoft Store တို့က software တွေကို ပေါင်းစည်းထားတဲ့ controller နဲ့ အဆင်ပြေတဲ့ frontend တစ်ခုကို အစားထိုးအသုံးပြုထားပြီး console လိုမျိုး PC gaming အတွေ့အကြုံကို ဖန်တီးပေးထားပါတယ်။ အဲ့ဒီ device တွေမှာ Xbox Series၊ Xbox One၊ Xbox 360 နဲ့ မူလ Xbox ဂိမ်းတွေကို ပြန်ဆော့ကစားလို့မရတဲ့ backward compatibility မရှိတာ တစ်ခုပါပဲ။

AMD နဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ အံ့ဩစရာတော့ မဟုတ်ပါဘူး။ AMD ဟာ Xbox 360 ကတည်းက Xbox console တိုင်းအတွက် CPU နဲ့ GPU တွေကို ထုတ်လုပ်ပေးခဲ့သလို၊ PlayStation 4 နဲ့ 5 အတွက်လည်း ထုတ်လုပ်ပေးခဲ့တာပါ။ ဒါပေမဲ့ Microsoft ရဲ့ ကြေညာချက်က အတည်ပြုလိုက်တာကတော့ သူတို့ရဲ့အနာဂတ် device တွေဟာ ROG Ally handheld တွေမှာသုံးတဲ့ Ryzen Z1 လိုမျိုး အသင့်ဝယ်ယူသုံးနိုင်တဲ့ AMD chip တွေကို သုံးတော့မှာမဟုတ်ဘူး ဆိုတာပါပဲ။


ဒီအချက်က Microsoft ဟာ တရားဝင် Xbox လက်ကိုင်ဂိမ်းစက်ထုတ်လုပ်ဖို့ သူတို့ရဲ့ အတွင်းပိုင်းအစီအစဉ်ကို ဖျက်သိမ်းပြီး၊ လက်ရှိ handheld PC တွေကိုပဲ အထောက်အပံ့ပေးသွားမယ်ဆိုတဲ့ အရင်ကသတင်းတွေကိုလည်း ဆန့်ကျင်လိုက်တာဖြစ်နိုင်ပါတယ်။ AMD က သီးသန့်ထုတ်လုပ်ထားတဲ့ custom chip အများအပြားကို ကူညီဖန်တီးပေးနေတယ်ဆိုရင် အနည်းဆုံး chip တစ်ခုကတော့ Ryzen Z family နဲ့ ကွဲထွက်ပြီး Microsoft ရဲ့ ကိုယ်ပိုင်ဒီဇိုင်းထုတ်ပြီး ပြန်လည်ဆော့ကစားနိုင်တဲ့ စွမ်းရည်ရှိတဲ့ လက်ကိုင်ဂိမ်းစက်တစ်ခုအတွက် ဖြစ်လာနိုင်ပါတယ်။

AMD ဟာ Sony နဲ့လည်း လာမယ့် Zen 6 နဲ့ RDNA architecture တွေပေါ်အခြေခံမယ့် PlayStation 6 အတွက် SoC တစ်ခုကို ပူးပေါင်းဖန်တီးနေပါတယ်။ Microsoft က အဲ့ဒီ architecture တွေကိုပဲ သုံးမလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ ကောလာဟလတွေအရတော့ Sony ကလည်း Microsoft လိုပဲ PS6 နဲ့ တွဲဖက်သုံးနိုင်မယ့် handheld တစ်လုံးကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source: TechSpot

Post a Comment

0 Comments