သင့်အနေနဲ့ အစည်းအဝေးခန်းထဲကို RGB မီးရောင်စုံတဖျပ်ဖျပ်တောက်နေတဲ့ Gaming Laptop ကြီးနဲ့ ဝင်သွားရမှာ စိတ်မလုံမလဲ ဖြစ်ဖူးပါသလား။ Gaming Laptop တစ်လုံးရဲ့ စွမ်းဆောင်ရည်အပြည့်ကို လိုချင်ပေမယ့်၊ ဒီဇိုင်းကတော့ လုပ်ငန်းခွင်နဲ့ လိုက်ဖက်ညီရမယ်ဆိုတဲ့ ခက်ခဲတဲ့ရွေးချယ်မှုမျိုးနဲ့ရော ကြုံဖူးပါသလား။ ဒီလိုကြုံတွေ့နေရတဲ့သူတွေအတွက် MSI က ပြီးခဲ့တဲ့ CES ပွဲမှာ Gaming Laptop ရဲ့ စွမ်းဆောင်ရည်နဲ့ Professional ဒီဇိုင်းကို ပေါင်းစပ်ထားတဲ့ AI နည်းပညာသုံး Venture နဲ့ VenturePro Series အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Venture စီးရီးထဲက Intel Core Ultra 7-155H CPU နဲ့ NVIDIA GeForce RTX 4060 GPU တို့ကို အားဖြည့်ထားတဲ့ MSI VenturePro 17 AI A1VFG ဟာ ကျွန်တော်တို့လက်ထဲကို ရောက်ရှိလာခဲ့ပါပြီ။ ဒီသုံးသပ်ချက်မှာတော့ MSI VenturePro 17 AI A1VFG ဟာ သင့်ရဲ့လုပ်ငန်းခွင်အတွက်ရော၊ အားလပ်ချိန်တွေအတွက်ပါ ဘယ်လောက်အထိ စွယ်စုံရတဲ့ အဖော်မွန်တစ်ယောက် ဖြစ်လာမလဲဆိုတာကို အသေးစိတ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။
Specifications
Design and Build Quality
MSI VenturePro 17 AI ရဲ့ ဒီဇိုင်းကို ကြည့်လိုက်တာနဲ့ လုပ်ငန်းခွင်သုံး Professional တစ်ယောက်အတွက် ရည်ရွယ်ဖန်တီးထားမှန်း သိသာစေပါတယ်။ အမြင်ကို ရိုးရှင်းအေးဆေးစေတဲ့ "Solid Gray" လို့ခေါ်တဲ့ ခဲရင့်ရောင်ကို အသုံးပြုထားပြီး၊ ဘယ်လိုလုပ်ငန်းခွင်ပတ်ဝန်းကျင်နဲ့မဆို လိုက်ဖက်ညီနေမှာပါ။ ဒီလက်တော့ပ်ဟာ စွမ်းဆောင်ရည်အပြင် စျေးနှုန်းသက်သာမှုကိုပါ ဦးစားပေးထားတဲ့အတွက် ကိုယ်ထည်တစ်ခုလုံးမှာ ပလတ်စတစ်ကိုသာ အသုံးပြုထားတွေ့ရပါတယ်။
အသွင်အပြင်ပိုင်းမှာတော့ အလျော့အတင်းမရှိဘဲ၊ လက်တော့ပ်ရဲ့အဖုံး (Lid) ကို မလိုအပ်တဲ့အလှဆင်မှုတွေမပါဘဲ ပြောင်ရှင်းအောင်ဖန်တီးထားပြီး၊ အလယ်မှာတော့ MSI ရဲ့ ခေတ်မီလှပတဲ့ Logo အသစ်ကို ထင်ရှားပေါ်လွင်စွာ ရေးထိုးထားတာတွေ့ရပါတယ်။ Screen မှာ ဘောင်လေးတွေက အနည်းငယ်ထူတာကိုတွေ့ရသလို Screen ရဲ့အောက်ခြေနားမှာလည်း MSI Logo ကို ထင်ထင်ရှားရှား ရေးထိုးထားပြန်ပါတယ်။
ကိုယ်ထည်ကို ပလတ်စတစ်ဖြင့် တည်ဆောက်ထားတယ်ဆိုပေမယ့်၊ ဒီလက်တော့ပ်ဟာ တောင့်တင်းခိုင်မာမှုရှိပါတယ်။ အဖုံး (Lid) နဲ့ Keyboard Deck တို့ကို ဖိကြည့်သည့်တိုင် အချို့ Laptop တွေလို အလွယ်တကူ ညွှတ်ကျသွားခြင်းမရှိဘဲ ခိုင်မာတဲ့တည်ဆောက်မှုကို ခံစားရစေပါတယ်။
လက်တွေ့ကျတဲ့ဒီဇိုင်းကြောင့် Lid ကို ပါတာကြောင့် လက်တစ်ဖက်တည်းနဲ့ လွယ်ကူစွာဖွင့်နိုင်အောင် အစွန်း (Bump)တစ်ခု ထည့်သွင်းထားတာတွေ့ရပါတယ်။
ဒါ့အပြင် အဖုံးကို 180° အထိ လှန်ချနိုင်တဲ့အတွက် အဖွဲ့လိုက် Presentation ပြသတာ၊ Idea တွေမျှဝေတာမျိုးလုပ်တဲ့အခါ အလွန်အသုံးဝင်မှာဖြစ်ပါတယ်။
Screen ရဲ့ထိပ်မှာတော့ 720p Webcam တစ်ခုကို တပ်ဆင်ထားပြီး၊ Privacy အတွက် Webcam Shutter ပါဝင်တာက ကောင်းမွန်တဲ့အချက်ပါ။ သို့ပေမယ့်၊ မျက်နှာနဲ့ Login ပြုလုပ်နိုင်တဲ့ Windows Hello IR Camera တော့ ထည့်သွင်းပေးထားခြင်း မရှိပါဘူး။
Cooling အတွက် လေဝင်ပေါက် (Air Intake) တွေက ကိုယ်ထည်အောက်ခြေမှာရှိပြီး၊ ပန်ကာတစ်ခုတည်းသုံး Cooling စနစ်ဖြစ်တာကြောင့် လေထွက်ပေါက် (Exhaust) ၂ခုကတော့ ဘယ်ဘက်အခြမ်းမှာသာ ရှိပါတယ်။
ကိုယ်ထည်က 23.2mm သာထူပြီး အလေးချိန် 2.4kg ရှိတာကြောင့် စွမ်းဆောင်ရည်ကောင်းတဲ့ ၁၇ လက်မ Laptop တစ်လုံးအတွက် ပုံမှန်လို့ဆိုနိုင်ပါတယ်။ Memory နဲ့ Storage အဆင့်မြှင့်တင်ဖို့အတွက်တော့ Quick Access Panel မပါဝင်တဲ့အတွက် Screw အလုံး ၁၀ ကျော်ခန့် ဖြုတ်ရမှာဖြစ်ပါတယ်။
Display
VenturePro 17 ရဲ့ Display အကြောင်းပြောရရင် သူ့မှာ 1080p Resolution နဲ့ 144Hz ရတဲ့ AU Optronics ရဲ့ (B173HAN0.4.9) Panel ကိုသုံးထားပါတယ်။ Screen ဟာ Matte ဖြစ်ပြီး Viewing Angle ကတော့မဆိုးပါဘူး။
ဒါပေမယ့် ဒီဘက်ခေတ်အနေအထားနဲ့ဆိုရင် "Pro" လို့ နာမည်တပ်ထားတဲ့ Business Laptop တစ်လုံးအနေနဲ့ Resolution ပိုင်းနဲ့ အရောင်အသွေးပိုင်းမှာတော့ အားနည်းချက်ရှိနေပါတယ်။ အရောင်ပိုင်းကို ကိန်းဂဏန်းတွေနဲ့ တိတိကျကျပြောရမယ်ဆိုရင် sRGB 64%, AdobeRGB 48%, DCI-P3 48% သာရှိတဲ့အတွက် ပုံမှန်အဆင့်သာ ရှိပြီး ဓာတ်ပုံနဲ့ ဗီဒီယို တည်းဖြတ်ခြင်းလို အရောင်တိကျမှုအရေးကြီးတဲ့ အလုပ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
270 nits ဝန်းကျင်သာရှိတဲ့ Display Brightness ဟာ ရုပ်ရှင်ကြည့်ရှုဖို့ လုံလောက်ပေမယ့် ပြင်ပအလင်းရောင်များတဲ့နေရာတွေမှာ အသုံးပြုဖို့ အခက်အခဲရှိနိုင်ပါတယ်။ 1440p မဟုတ်သည့်တိုင်၊ အရောင်အသွေးပိုင်းမှာတော့ လက်ရှိထက် ပိုမိုတိကျမှန်ကန်မှုကို ပေးစွမ်းနိုင်သင့်တယ်လို့ မြင်မိပါတယ်။
နောက်ထပ် Display ရဲ့ Response ကောင်းမကောင်းစမ်းသပ်ရာမှာ Ghosting ရှိတယ်ဆိုပေမယ့် တစ်ကယ်တမ်းဂိမ်းကစားတဲ့အခါမှာတော့ အရမ်းသိသာတာမျိုးတွေမရှိပါဘူး။ ဒါ့အပြင် Display ဟာ Windows ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ Dynamic Refresh Rate (DRR)ကို အထောက်အပံ့ပေးလာတာကိုလည်း တွေ့ရပါတယ်။
Keyboard and Trackpad
VenturePro 17 AI ဟာ Gaming Laptop အစစ်မဟုတ်တာကြောင့် အဖြူရောင် Backlight သာပါဝင်ပြီး လုပ်ငန်းခွင်နဲ့ ပိုမိုလိုက်ဖက်ညီစေပါတယ်။ AI PC ဖြစ်တဲ့အလျောက် Keyboard မှာ Copilot အတွက် သီးသန့် Key တစ်ခု ပါဝင်လာပါတယ်။ Key တစ်ခုနဲ့တစ်ခုကြား အကွာအဝေးက ကောင်းမွန်ပြီး စာရိုက်ရတဲ့ ခံစားမှုကလည်း တိတ်ဆိတ်ညင်သာကာ သာယာတဲ့ အတွေ့အကြုံကို ပေးစွမ်းပါတယ်။
တောင့်တင်းတဲ့ ကိုယ်ထည်ကြောင့် အားစိုက်ရိုက်သည့်တိုင် Keyboard ကွေးညွှတ်သွားခြင်းမရှိပါဘူး။ Numpad အပြည့်အစုံပါဝင်တာကြောင့် စာရင်းဇယားတွေနဲ့ အလုပ်လုပ်ရသူတွေအတွက် အလွန်အဆင်ပြေစေမှာပါ။ ဒါပေမယ့် Up နဲ့ Down Arrow Key နှစ်ခုကို ပုံမှန်ထက် အရွယ်အစားသေးငယ်အောင် ပြုလုပ်ထားတာကိုတော့ သဘောမကျမိပါဘူး။
Trackpad က Gaming Laptop တွေထက် အရွယ်အစားကျယ်ဝန်းပြီး အသုံးပြုရတာ သိသိသာသာပိုကောင်းတယ်လို့ ခံစားရပါတယ်။ Matte Finish ကြောင့် လက်ရာထင်ခြင်းကို ကာကွယ်ပေးပြီး Click နှိပ်တဲ့အခါမှာလည်း အားသိပ်မစိုက်ရဘဲ တုံ့ပြန်မှုကောင်းမွန်ပါတယ်။
I/O Ports
Port တွေအနေနဲ့ ဘယ်ဘက်မှာ LAN အတွက် RJ-45 jack တစ်ခုနဲ့ Type-A USB 3.2 Gen 1 တစ်ခုသာပါဝင်ပါတယ်။
ညာဘက်မှာတော့ Charging Port၊ HDMI 2.1 Port တစ်ခု၊ Type-A USB 3.2 Gen 1တစ်ခု၊ DisplayPort အနေနဲ့ရော PD 3.0 Charging ပါရတဲ့ Type-C USB 3.2 Gen 1 တစ်ခုနဲ့ 3.5mm Audio Combo Jack တစ်ခု တစ်ခုပါပါတယ်။
ဒီလို Power Delivery 3.0 ပါဝင်တာကြောင့် သင့်မှာ 100W ရတဲ့ Type C Charger ရှိပြီးသားဆိုရင် Power Adapter ယူစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ I/O ပိုင်းနဲ့ပက်သက်ပြီး သိပ်ပြောစရာမရှိပေမယ့် Pro လို့နာမည်တပ်ထားတဲ့ 17 လက်မ Laptop တစ်လုံးမှာ SD Card Reader လေးတော့ထည့်ပေးသင့်တယ်လို့ထင်ပါတယ်။
Webcam
Budget အပိုင်းကို ဦးတည်ထားတာကြောင့် Webcam ရဲ့ ရုပ်ထွက်က Video Call တွေအတွက် သာမန်အဆင့်သာရှိပြီး ပြတ်သားမှုအားနည်းပါတယ်။ IR Camera နဲ့ Fingerprint Reader မပါဝင်လို့ Windows Hello Biometric Sign-in ကို အသုံးမပြုနိုင်ဘဲ PIN Code နဲ့သာ Log-in ဝင်ရမှာပါ။ လုပ်ငန်းခွင်အတွက် ရည်ရွယ်တဲ့အတိုင်း Privacy Shutter လေးပါဝင်ပြီး ဒါက ကင်မရာကို လုံခြုံရေးအရ ကာကွယ်ပေးရုံသာ ဖြစ်ပါတယ်။
AI Laptop ဖြစ်တာကြောင့် Intel Core Ultra CPU မှာပါဝင်တဲ့ NPU (Neural Processing Unit) ကိုအသုံးပြုပြီး Windows Studio Effects တွေဖြစ်တဲ့ Auto-framing၊ Background Blur နဲ့ Eye Contact တို့ကို ချောမွေ့စွာ အသုံးပြုနိုင်ပါတယ်။ ဒီ Feature တွေ အသုံးပြုချိန်မှာ NPU အလုပ်လုပ်နေတာကို Task Manager မှာ မြင်တွေ့နိုင်ပါတယ်။
Audio
2W Speaker နှစ်လုံးကို ကိုယ်ထည်ရဲ့ ဘေးဘက်ထောင့်တွေမှာ နေရာချထားပါတယ်။ အသံထွက်က ကြည်လင်ပြတ်သားပေမယ့် Bass Response မှာ အားနည်းချက်အနည်းငယ်ရှိပါတယ်။ DTS Audio Software ပါဝင်တာကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းတွေမှာ ပိုမိုပြည့်စုံတဲ့ Surround Effect ကို ခံစားရမှာပါ။
Headphone နဲ့ Mic အတွက် 3.5mm Audio Jack ပါဝင်ပြီး Realtek ALC256 DAC ကို အသုံးပြုထားကာ 24-bit/48KHz အထိ Output ပေးနိုင်ပါတယ်။ သူ့ရဲ့အသံထွက်က သီးခြား Sound Card တွေကိုမမီပေမယ့် သီချင်းတွေကို နားထောင်လို့ အဆင်ပြေတာတွေ့ရပါတယ်။
VenturePro 17 AI မှာ Mic ၃ ခုပါဝင်ပြီး ပတ်ဝန်းကျင်ဆူညံနေချိန် (သို့မဟုတ်) Cooler Boost ဖွင့်ပြီး ဂိမ်းကစားနေချိန်မှာတောင် ကြည်လင်တဲ့အသံကို ဖမ်းယူပေးနိုင်တာက အလွန်အားရစရာကောင်းတဲ့ အချက်တစ်ခုပါ။
Storage
VenturePro 17 AI မှာ Micron 2500 MTFDKBA512QGN ဆိုတဲ့ PCIE 4.0 NVME SSD ကိုထည့်ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 4.0 NVME SSD တွေထဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပေးနိုင်ပါတယ်။
ဒါပေမယ့် Capacity ကတော့ 512GB ဆိုတဲ့ ပမာဏကတော့ ဒီနေ့ခေတ်အတွက် နည်းပါးနေပါတယ်။ သို့ပင်သော်ငြား စိတ်မကောင်းစရာက Upgrade လုပ်မယ်ဆိုရင် ထပ်တိုးဖို့ Slot အပိုမပါတာကြောင့် SSD ကိုလှဲလှယ်အစားထိုးဖို့ရာလိုအပ်ပါတယ်။ SSD စွမ်းဆောင်ရည်အတိအကျကိုတော့ Benchmark ပုံထဲမှာကြည့်နိုင်ပါတယ်။
Battery and Power Adapter
VenturePro 17 AI မှာ 55WHr ရှိတဲ့ 4-Cell ဘက်ထရီကို အသုံးပြုထားပြီး ၁၇ လက်မ Laptop တစ်လုံးအတွက်တော့ ပမာဏအနည်းငယ်သေးငယ်တယ်လို့ ယူဆမိပါတယ်။ သူ့ရဲ့ 120W Power Adapter က အရွယ်အစားမကြီးဘူးဆိုပေမယ့် Laptop နဲ့ တွဲသယ်တဲ့အခါမှာတော့ အလေးချိန်ပိုလာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ Laptop ဝယ်ယူတဲ့အခါ ကျောပိုးအိတ်တစ်လုံး လက်ဆောင်ပါဝင်မှာဖြစ်ပါတယ်။
Utility Software
Gaming Laptop တွေမှာ utility software တစ်ခုပါဝင်လာလေ့ရှိပါတယ်။ ဒီ MSI VenturePro 17 မှာဆိုရင်တော့ MSI Center S ပါ။
ဒါ့အပြင် MSI Center S ထဲက AI Zone မှာဆိုရင်လည်း လုပ်ငန်းခွင်တွေအတွက် အထူးအသုံးဝင်တဲ့ AI Noise Cancellation PRO ပါဝင်ပြီး Online Meeting တွေမှာ ဆူညံသံတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။
Testing Methodology
စွမ်းဆောင်ရည်ကို စမ်းသပ်ရာမှာ CPU တွေ GPU တွေရဲ့ စွမ်းပကား ဘယ်လောက်အထိ ရနိုင်မလဲဆိုတာသိရဖို့အတွက် စမ်းသပ်မှုအားလုံးကို Extreme Performance Mode မှာသာ စမ်းသပ်ထားတာဖြစ်ပါတယ်။ CPU Benchmark အတွက် Cinebench R15၊ Cinebench R20၊ Cinebench R23၊ Cinebench 2024 နဲ့ Geekbench 6 ကို ထည့်သွင်းစမ်းသပ်ထားပါတယ်။
Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ ဒါတင်မက Core Ultra 7 155H ရဲ့ NPU အပါအဝင် အခြား AI စွမ်းဆောင်ရည်တွေကိုတိုင်းတာဖို့အတွက် ကြောင့် GeekBench AI Benchmark ကို အသုံးပြုစမ်းသပ်ခဲ့ပါတယ်။
Core Ultra တွေရဲ့ အဓိကအားသာချက်က LP E-Core တွေပါဝင်ပြီး ဘက်ထရီပိုအသုံးခံအောင် ဆောင်ရွက်ထားတာမို့ ဘက်ထရီပိုင်းကိုလည်းနောက်ပိုင်းမှာ သေချာစမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို Graph တွေနဲ့တကွ ပြသထားပါတယ်။ Benchmark အားလုံးကို Windows 11 Version 24H2၊ Intel Graphics Driver 32.0.101.6877 WHQL နဲ့ GeForce Driver Version 576.52 မှာ စမ်းသပ်ထားတာဖြစ်ပါတယ်။
Benchmarks
Business/Productivity Laptop အဖြစ်ဖန်တီးထားတဲ့ VenturePro 17 AI မှာ နောက်ဆုံးပေါ် Intel Core 200 Series CPU ကိုအသုံးပြုထားတာမတွေ့ရပဲ ယခင်မျိုးဆက် Meteor Lake Core Ultra 7 155H ကိုသာ အသုံးပြုထားတာတွေ့ရပါတယ်။ 16 Cores/22 Threads ရှိတဲ့ ဒီ CPU ဟာ နောက်ဆုံးပေါ်လို့မဆိုနိုင်တော့ပေမယ့် အလုပ်တာဝန်တွေကိုနိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ဦးမှာဖြစ်ပါတယ်။ VenturePro 17 AI မှာ တပ်ဆင်ထားတဲ့ RTX 4060 ဟာ 45W အထိသာ အမြင့်ဆုံးရရှိပြီး သင့်တင့်တဲ့စွမ်းဆောင်ရည်ရှိတယ်ဆိုပေမယ့် TDP ပိုများတဲ့ laptop တွေလောက်မြန်ဆန်မှာမဟုတ်ပါဘူး။ စိတ်ဝင်စားစရာကောင်းတာက အရင်နှစ်က Cyborg 15 AI နဲ့ Specification တူညီပေမယ့် ဒီ Laptop မှာ စွမ်းဆောင်ရည်အနည်းငယ်ကျဆင်းနေတာကို တွေ့ရပါတယ်။
Ray Tracing နဲ့ DLSS 3 အတွက် Cyberpunk 2077 ကို 1080Pမှာ Setting အမျိုးမျိုးနဲ့စမ်းသပ်ထားပြီး DLSS 3 frame generation နဲ့ DLSS Quality မှာတွဲဖက်ကစားမယ်ဆိုရင် 93 FPS လောက်အထိ ရပါတယ်။ Cyberpunk 2077 ရဲ့ Graphics တောင်းဆိုမှုမြင့်မားလှတဲ့ Path Tracing ကိုတော့ ပုံမှန်အတိုင်းကစားဖို့ မဖြစ်နိုင်ပေမယ့် DLSS Quality နဲ့ Frame Generation တို့ရဲ့အကူအညီနဲ့ဆိုရင် 40 FPS ဝန်းကျင်မှာ ရရှိတာတွေ့ရပါတယ်။
Fan တစ်ခုသာပါဝင်တဲ့ Business/Productivity Laptop တစ်ခုအနေနဲ့ Cyberpunk 2077 လို တောင်းဆိုမှုမြင့်မားလှတဲ့ ဂိမ်းကို DLSS 3 အားကိုးနဲ့ Path Tracing ပါဖွင့်ကစားနိုင်တာက မဆိုးလှဘူးလို့ဆိုနိုင်ပါတယ်။
Optimization သိပ်မကောင်းလှတဲ့ Star Wars Jedi Survivor ဂိမ်းမှာဆိုရင် Ray Tracing ကို DLSS Quality နဲ့ Frame Generation ကိုတွဲဖက်အသုံးပြုမယ်ဆိုရင် 50 FPS ဝန်းကျင်ရရှိတာတွေ့ရပါတယ်။
VenturePro 17 AI မှာ Intel ရဲ့ ARC Integrated Graphics အသစ်လည်းပါဝင်ပြီး တစ်ချို့ဂိမ်းတွေမှာဆိုရင် 720P Lowest Setting မှာ ကောင်းကောင်းကစားနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။
VenturePro 17 AI ရဲ့ ဘက်ထရီသက်တမ်းကို စမ်းသပ်ရာမှာ 55WHr ဘက်ထရီဟာ Audio Level နဲ့ Brightness ကို 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီနီးပါးကြည့်လို့ရပါတယ်။ ဘက်ထရီသက်တမ်းက ၁၇လက်မမျက်နှာပြင်ပါဝင်တဲ့ Laptop အတွက်ဆိုရင် အနည်းငယ်တိုတောင်းတယ်လို့ဆိုနိုင်ပြီး ဒီထက်နည်းတဲ့ Workload တွေနဲ့ Battery Saving Mode တွေမှာထားမှသာ ပိုအသုံးခံလာမှာပါ။ အားပြန်သွင်းချိန်မှာ နာရီဝက်နဲ့ 50% လောက်အားဝင်ပြီး အားအပြည့်ဖြစ်ဖို့က ၂နာရီမပြည့်တာကြောင့် ပုံမှန် Laptop တွေထက် မြန်ဆန်ပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာ အချိန်တစ်နာရီကျော်တယ်ဆိုရုံသာရပါတယ်။
Temperatures and Noise
Cooling ပိုင်းအတွက်ဆိုရရင် VenturePro 17 AI မှာ Cooling Fan တစ်ခုသာပါဝင်ကာ CPU နဲ့ GPU ၂ခုလုံးအတွက် Heat Pipe ၃ချောင်းသာ အသုံးပြုတဲ့ Shared-Pipe Design ကို အသုံးပြုထားတာတွေ့ရပြီး MSI Gaming Laptop တွေမှာဆိုရင် Cyborg Series နဲ့ဆင်တူပါတယ်။
Cooling Fan တစ်ခုနဲ့ Heat Pipe ၃ချောင်း ဒီဇိုင်းဆိုပေမယ့် CPU နဲ့ GPU တို့ရဲ့ပါဝါစားသုံးမှုမများလှတာကြောင့် အပူချိန်လျော့နည်းတာကို တွေ့ရပါတယ်။ ဂိမ်းကစားတဲ့အခါ Fan ကို Auto Mode မှာထားကစားရင် အများဆုံး CPUက 83°C နဲ့ GPU က 72°C လောက်တက်လာပြီး Cooler Boost ဖွင့်ပြီး ကစားမယ်ဆိုရင် CPU က 81°C နဲ့ GPU က 64°C အထိကျဆင်းသွားတာတွေ့ရပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။
ဆူညံမှုဘက်ကိုပြောရရင် VenturePro 17 AI Cooler Boost ဖွင့်ထားတဲ့အချိန်မှာ အခြား Gaming Laptop တွေနဲ့မကွာလှခြားပေမယ့် Idle အခြေအနေမှာဆိုရင်တော့ သာမန်ထက်ပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် Workload အနည်းငယ်တက်လာတာနဲ့ Fan အသံကျယ်နေလာပါတယ်။ အသေးစိတ်ကို သက်ဆိုင်ရာ Graph မှာ အခြား Laptop တွေနဲ့ ဘယ်လိုကွာခြားမှုရှိသလဲဆိုတာ နှိုင်းယှဥ်ပြသပေးထားပါတယ်။
Clock Speed and Power Draw
Clock Speed ပိုင်းကိုပြောရရင် Core Ultra 7-155H ဟာ အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.9GHz အထိရပါတယ်။ Battlefield V ဂိမ်းဆော့နေချိန်မှာဆို အချို့ဂိမ်းတွေမှာ P-Cores တွေဟာ 4.8 GHzအထိရပြီး အများအားဖြင့်တော့ 4.5GHzအထိရကာ E-Cores တွေက 3.8GHz ဝန်းကျင်မှာရှိပါတယ်။ CPU Rendering လုပ်ချိန်မှာ Multi Core မှာတော့ P-Cores တွေဟာ 3.0GHz နဲ့ E-cores တွေဟာ 2.6GHz အထိသာ အများဆုံးတွန်းပေးတာတွေ့ရပါတယ်။
ပါဝါသုံးစွဲမှုအနေနဲ့ CPU ဟာ Single Core Load မှာ 22W လောက်သာအသုံးပြုတာ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ အများအားဖြင့် 50W အထိရှိတာတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အချိန်မှာတော့ အများအားဖြင့် CPU ဟာ 28~40W မှာရှိပြီး GPU ကတော့ 30~40W ဝန်းကျင်မှာ ရှိပါတယ်။ GPU ကိုအရမ်းအသားပေးတဲ့ Workload တွေမှာဆို 45W ဝန်းကျင် သုံးနေတာတွေ့ရပြီး CPU ကတော့ အဆိုပါအချိန်မှာ 11W လောက်သာရှိပါတယ်။
The Good
- Good Performance for Content Creation and Gaming
- New AI features
- Crystal Clear Audio During Conferences
- 100W Power Delivery Charging
The Bad
- Weak Color Gamut Screen
- Just 720p Webcam
- No SD Card Reader
- Weak Battery Life
Conclusion
MSI VenturePro 17 AI ဟာ စျေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Laptop တစ်လုံးဖြစ်တာကြောင့် ခရီးသွားရင်း အလုပ်လုပ်ရသူတွေ၊ မျက်နှာပြင်ကျယ်ကျယ်နဲ့ အလုပ်လုပ်ချင်သူတွေအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါတယ်။ Business နဲ့ Productivity ကို ဦးတည်ထားပေမယ့် လျှို့ဝှက်ထားတဲ့ Gaming စွမ်းရည်တွေ၊ သာလွန်ကောင်းမွန်တဲ့ Mic အရည်အသွေးနဲ့ 100W PD Charging လို အသုံးဝင်တဲ့ Feature တွေက စွယ်စုံသုံးနိုင်တဲ့ အစွမ်းပကားတွေရှိနေပါတယ်။ ဒါပေမယ့် "Pro" ဆိုတဲ့ နာမည်နဲ့လိုက်ဖက်တဲ့ Display အရည်အသွေးနဲ့ ပမာဏပိုမိုများတဲ့ ဘက်ထရီကိုတော့ တပ်ဆင်ပေးသင့်တယ်လို့ ယူဆမိပါတယ်။ ဒီလိုအားနည်းချက်တွေ ရှိနေသည့်တိုင် သင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ်ဆိုရင်တော့ $1300 နီးပါးကျသင့်တဲ့ MSI VenturePro 17 AI ဟာ သူ့စျေးနှုန်းနဲ့ စွမ်းဆောင်ရည်အရ ထည့်သွင်းစဉ်းစားသင့်တဲ့ Laptop တစ်လုံးဖြစ်ကြောင်း သုံးသပ်ရင်း နိဂုံးချုပ်လိုက်ပါတယ်။ သင့်အနေနဲ့ MSI VenturePro 17 AI ကို ကိုင်ဆောင်ပြီး အစည်းအဝေးခန်းထဲ ဝင်သွားတဲ့အခါ လူတွေရဲ့အာရုံဟာ သင့်ရဲ့ Laptop ထက် သင့်ရဲ့ presentation ကိုသာ အာရုံစိုက်နေကြတော့မှာ ဖြစ်ပါတယ်။
(ဤသုံးသပ်ချက်ဖြစ်မြောက်အောင် Review Unit ပံ့ပိုးပေးသော MSI Gaming Myanmar ကို အထူးကျေးဇူးတင်ရှိပါသည်။)
0 Comments