မကြာသေးခင်နှစ်တွေအတွင်း PC Hardware နည်းပညာတွေ တိုးတက်လာတာကြောင့် အရွယ်အစားသေးငယ်ပေမယ့် စွမ်းဆောင်ရည်မြင့်မားတဲ့ ထုတ်ကုန်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ ဒီလို တိုးတက်မှုတွေက ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို Windows အခြေခံ လက်ကိုင်ဂိမ်းစက်တွေ ထုတ်လုပ်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပြီး၊ လက်ရှိမှာတော့ စျေးကွက်ထဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်နေပါပြီ။
ဒီလို Handheld ဂိမ်းစက်တွေ ထုတ်လုပ်ရာမှာ ကုမ္ပဏီအများစုက AMD အခြေခံ စက်တွေကို ရွေးချယ်ခဲ့ကြပေမယ့်၊ MSI ကတော့ သူတို့ရဲ့ Handheld တွေမှာ Intel CPU နဲ့ integrated graphics ကို အသုံးပြုတဲ့ ကုမ္ပဏီ အနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။ နာမည်ကျော် ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်သူ MSI ဟာဆိုရင် ပြီးခဲ့တဲ့နှစ်က Intel အခြေပြု Claw 7 လက်ကိုင်ဂိမ်းစက်တွေကို စတင်မိတ်ဆက်ခဲ့ပြီး၊ ဒီနှစ်ထဲမှာတော့ ပိုမိုအဆင့်မြင့်တဲ့ Intel Core 7 258V CPU ကို တပ်ဆင်ထားတဲ့ MSI Claw 8 AI+ ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ စျေးကွက်ထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံး လက်ကိုင်ဂိမ်းစက် တစ်ခု ဖြစ်လာပါတယ်။
အခုဆိုရင် ထူးထူးခြားခြား Intel CPU တပ်ဆင်ထားတဲ့ MSI Claw 8 AI+ A2VM က ကျွန်တော့်လက်ထဲကို ရောက်ရှိလာခဲ့ပြီမို့၊ လက်ရှိစျေးကွက်ထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး Handheld တစ်ခုအနေနဲ့ ဂိမ်းတွေကို ဘယ်လို ကစားနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်ဗျာ။
Specifications
Design and Build Quality
Claw 8 AI+ က မနှစ်ကထွက်ခဲ့တဲ့ Claw 7 ထက် အရွယ်အစား ပိုကြီးလာသလို၊ ဒီဇိုင်းပိုင်းမှာလည်း သိသိသာသာ ကွဲပြားသွားပြီး လေးထောင့်ပိုဆန်လာတာကို တွေ့ရပါတယ်။ အရောင်ကလည်း အရင်လို အနက်ရောင်တစ်မျိုးတည်းမဟုတ်တော့ဘဲ၊ လက်ကိုင်နေရာတွေကို Sand-colored (သဲရောင်) နဲ့ ပြောင်းလဲ အသုံးပြုထားတာကြောင့် စျေးကွက်ထဲက အဖြူရောင် ဒါမှမဟုတ် အနက်ရောင်တစ်မျိုးတည်းနဲ့ လာတဲ့ တခြား Handheld တွေနဲ့ သိသိသာသာကို ကွဲပြားနေပါတယ်။
သူ့ရဲ့ ကိုယ်ထည်တစ်ခုလုံးကို ပလတ်စတစ်နဲ့ပဲ တည်ဆောက်ထားတယ်ဆိုပေမဲ့ ကျစ်လစ်ခိုင်မာပြီး၊ ကာဗာတွေ ဆက်ထားတဲ့နေရာတွေမှာ မညီညာတာတွေ၊ ဟနေတာတွေမရှိဘဲ သပ်သပ်ရပ်ရပ်ရှိတယ်လို့ ခံစားရပါတယ်။
ကိုယ်ထည်ရဲ့ အပေါ်ဘက်မှာဆိုရင် Windows Hello အတွက် Finger Print Reader/Power Button၊ MicroSD Card Reader၊ အားသွင်းဖို့ Type C USB4 ပေါက် ၂ ခု၊ 3.5mm audio combo jack နဲ့ volume rocker ခလုတ်တွေ ပါဝင်ပါတယ်။ Claw 8 AI+ ရဲ့ USB Type C Port နှစ်ခုလုံးဟာ Thunderbolt 4 (DisplayPort™/ Power Delivery 3.0) ကို အထောက်အပံ့ပေးတာမို့ အားသွင်းဖို့ပဲဖြစ်စေ၊ Thunderbolt Docking Station တွေ ချိတ်ဆက်ဖို့ပဲဖြစ်စေ၊ Type C Monitor နဲ့ ချိတ်ဆက်ဖို့ပဲဖြစ်စေ၊ eGPU (external GPU) နဲ့ ချိတ်ဆက်ဖို့ပဲဖြစ်စေ စိတ်ရှိသလို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
အပေါ်ဘက်နေရာ အများစုကိုတော့ အပူစွန့်စနစ်ရဲ့ ပန်ကာ ၂ ခုရဲ့ လေထွက်ပေါက်တွေက တစ်ဖက်စီ နေရာယူထားပြီး၊ ဂိမ်းကစားတဲ့အခါမှာ သင့်လက်ချောင်းထိပ်တွေကို မပူစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
Controller
Handheld ဂိမ်းစက်တစ်ခုမှာ အရေးကြီးဆုံး ကဏ္ဍတစ်ခုဖြစ်တဲ့ Controller ပိုင်းကို ကြည့်မယ်ဆိုရင်၊ Claw 8 AI+ ရဲ့ Controller ဒီဇိုင်းက Xbox Series Controller နဲ့ တော်တော်လေး ဆင်တူပါတယ်။ ကိုင်တွယ်ရတာလည်း ဘယ်နေရာမှာမဆို သက်တောင့်သက်သာရှိတာကို တွေ့ရတယ်။ ABXY ခလုတ်တွေနဲ့ Joystick တွေရဲ့ ဘေးပတ်လည်မှာ RGB မီးလုံးတွေနဲ့ လှပအောင် ဖန်တီးထားပြီး၊ မကြိုက်ရင်လည်း ပိတ်ထားလို့ ရပါတယ်။
Display
MSI Claw 8 AI+ မှာ ၈ လက်မအရွယ် 1920x1200 Resolution ရှိတဲ့ IPS Display ကို တပ်ဆင်ထားပါတယ်။ ဒါဟာ Claw 7 ထက် မျက်နှာပြင်အရွယ်အစား ပိုမိုကြီးမားလာတာကို တွေ့ရပါတယ်။ Aspect ratio 16:10 ရှိတာကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရ Vertical Space ပိုများတဲ့အတွက် Handheld တစ်ခုအတွက် ပိုပြီး သင့်တော်တယ်လို့ ယူဆပါတယ်။
Color Gamut အနေနဲ့လည်း sRGB 98.6%၊ AdobeRGB 72.5% နဲ့ DCI-P3 71.09% ရှိတာကြောင့် အရောင်အသွေးတွေက စိုပြေကောင်းမွန်ပါတယ်။ Display ရဲ့ Brightness ကလည်း 500 nits ဝန်းကျင်ရှိတာမို့ နေရောင် တိုက်ရိုက်ကျနေတာ မဟုတ်ရင် အပြင်မှာ ကစားလို့ရနိုင်တဲ့ အနေအထားပါ။
Audio
MSI Claw 8 AI+ ရဲ့ အသံပိုင်းကို ကြည့်မယ်ဆိုရင် 2W Speaker နှစ်လုံးကို Screen ရဲ့ အောက်ဘက်နားမှာ နေရာချထားတာကို တွေ့ရပါတယ်။ ဒီ Speaker တွေရဲ့ အသံထွက်က ကျွန်တော် စမ်းသပ်ဖူးသမျှ MSI ထုတ်ကုန်တွေထဲမှာ အကောင်းဆုံးလို့ ဆိုရလောက်အောင် ကြည်လင်ပြတ်သားပြီး၊ Base အသံကိုလည်း ပီပီပြင်ပြင် ကြားရပါတယ်။
Headphone နဲ့ Mic အတွက် 3.5mm Audio Jack တစ်ခုလည်း ပါဝင်ပြီး၊ Realtek ALC256 DAC ကို အသုံးပြုထားတာကြောင့် 24-bit/48KHz အထိ Output ပေးနိုင်ပါတယ်။ သူ့ရဲ့ အသံထွက်က သီးခြား Sound Card တွေကိုတော့ မမီသေးပေမယ့်၊ သီချင်းတွေကို နားထောင်ဖို့အတွက် အဆင်ပြေတယ်လို့ တွေ့ရပါတယ်။
Storage
MSI Claw 8 AI+ မှာ Kioxia KBG60ZNS1T02 ဆိုတဲ့ PCIE 4.0 NVME SSD ကိုထည့်ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 4.0 NVME SSD တွေထဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပေးနိုင်ပါတယ်။
SSD ရဲ့ Capacity ဟာ 1TB ရှိတဲ့အတွက် သုံးရတာအတော်လေးအဆင်ပြေပါတယ်။ ဒါ့အပြင် Micro SD Card Slot လည်းပါဝင်တဲ့အတွက် High Speed Storage မလိုအပ်တဲ့ ဂိမ်းတွေနဲ့ ဖိုင်တွေကိုလည်း သိမ်းဆည်းနိုင်ပြီး သူ့ရဲ့ Card Reader ရဲ့ မြန်နှုန်းကလည်း အတော်လေး ကောင်းမွန်ပါတယ်။ သတိထားဖို့က Storage မလောက်ဘူးဆိုရင်လဲလှယ်လို့ရတယ်ဆိုပေမယ့် သူ့ format က ပုံမှန်သုံးနေကြ 2280 နဲ့မဟုတ်ပဲ ပိုမိုသေးငယ်တဲ့ 2230 သာဖြစ်လို့ လဲလှယ်တပ်ဆင်လို့ရတယ်ဆိုပေမယ့် စျေးကွက်ထဲမှာ ရှာရခက်နိုင်တာကို သတိပြုဖို့လိုပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်အတိအကျကိုတော့ Benchmark ပုံထဲမှာကြည့်နိုင်ပါတယ်။
Battery and Power Adapter
Claw 8 AI+ မှာ 80WHr ရှိတဲ့ 6-Cell ဘက်ထရီကို အသုံးပြုထားပြီး ၈ လက်မ Handheld တစ်ခုအတွက်တော့ များပြားတဲ့ပမာဏထည့်သွင်းပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ 65W Power Adapter က အရွယ်အစားမကြီးသလို သင့်မှာ 65W ရတဲ့ ဖုန်း Adapter ဒါမှမဟုတ် Power Bank ရှိပြီးသားဆိုရင်လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။
Utility Software
Windows အခြေခံ Handheld တွေမှာ အရေးအကြီးဆုံးအချက်တစ်ခုကတော့ ကောင်းမွန်တဲ့ utility software တစ်ခုရှိဖို့ပါပဲ။ ဒီအတွက် MSI က Claw 8 AI+ မှာ MSI Center M ဆိုတဲ့ utility software ကို ထည့်သွင်းပေးထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီ MSI Center M ဟာ အစပိုင်းမှာ တုံ့ပြန်မှုတွေ သိပ်မကောင်းလှဘဲ TDP (Thermal Design Power) ကိုလည်း pre-configured လုပ်ပြီးသား 8W, 17W နဲ့ 30W ဆိုပြီး သုံးမျိုးပဲ ချိန်ညှိလို့ ရပါတယ်။
ဒါတင်မက စိတ်ပါရင် Android ဂိမ်းတွေ ကစားလို့ရတဲ့ MSI App Player လည်း ပါဝင်ပြီး၊ Windows အခြေခံ Handheld ဖြစ်တဲ့အတွက် Emulator တွေပါ စိတ်ကြိုက်ထည့်သွင်းပြီး ကစားလို့ရတာကတော့ တကယ့်ကို အားသာချက်ပါပဲ။
Testing Methodology
စွမ်းဆောင်ရည်ကို တိတိကျကျ သိရှိနိုင်ဖို့အတွက် Intel Core Ultra 7 258V CPU နဲ့ Intel Arc 140V processor graphics တွေရဲ့ စွမ်းပကား ဘယ်လောက်အထိ ရနိုင်မလဲဆိုတာကို High Performance Mode မှာပဲ အဓိကထား စမ်းသပ်ထားပါတယ်။
CPU Benchmark တွေအနေနဲ့ Cinebench R15, Cinebench R20, Cinebench R23, Cinebench 2024 နဲ့ Geekbench 6 တို့ကို အသုံးပြု စမ်းသပ်ခဲ့ပါတယ်။
Gaming Performance အတွက်ကတော့ Claw 8 AI+ ကို နာမည်ကြီးဂိမ်း ၁၃ ခုနဲ့ စမ်းသပ်ထားပါတယ်။ ဒီဂိမ်းအများစုဟာ AAA ဂိမ်းတွေဖြစ်ပြီး၊ resolution ကိုတော့ 1200P ရဲ့ Low နဲ့ Medium High setting တွေမှာပဲ စမ်းသပ်ထားပါတယ်။ Ray Tracing ကိုတော့ 900P မှာ စမ်းသပ်ထားပါတယ်။
Overall Performance ကိုတော့ PCMark 10 နဲ့ စမ်းသပ်ခဲ့ပြီး၊ Storage အတွက်ကိုတော့ CrystalDiskMark နဲ့ စမ်းသပ်ထားပါတယ်။ ဒါ့အပြင် Core Ultra 7 258V ရဲ့ NPU အပါအဝင် အခြား AI စွမ်းဆောင်ရည်တွေကို တိုင်းတာဖို့အတွက် GeekBench AI Benchmark ကို အသုံးပြု စမ်းသပ်ခဲ့ပါတယ်။
Claw 8 AI+ မှာ 80Whr ဘက်ထရီ တပ်ဆင်ထားပြီး Handheld တစ်ခုအတွက် အလွန်အရေးကြီးတာကြောင့် ဘက်ထရီနဲ့ ဂိမ်းဘယ်လောက်ကြာကြာ ကစားနိုင်မလဲဆိုတာကို သိရှိနိုင်ဖို့အတွက် TDP 8W, 17W, 30W နဲ့ 37W တွေမှာ အမျိုးမျိုး စမ်းသပ် ကစားထားပါတယ်။
စမ်းသပ်မှုအားလုံးကို Windows 11 Version 24H2 နဲ့ Intel Graphics Driver 32.0.101.6881 မှာသာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Benchmarks
MSI Claw 8 AI+ ဟာ နောက်ဆုံးပေါ် Lunar Lake Core Ultra 7 258V ကို အသုံးပြုထားပြီး 8 Cores/8 Threads ပါဝင်ပါတယ်။ Intel ဟာ Lunar Lake CPU တွေမှာ Hyper-Threading ကို စွန့်လွှတ်လိုက်တာကြောင့် ယခင် Meteor Lake ထက် Multi-Core စွမ်းဆောင်ရည် အနည်းငယ် ကျဆင်းသွားပေမယ့်၊ Single-Core စွမ်းဆောင်ရည်ကတော့ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။
Core Ultra 7 258V နဲ့အတူ တွဲဖက်ပေးထားတဲ့ Intel Arc 140V processor graphics ကတော့ နောက်ဆုံးပေါ် Xe2 graphic architecture အသစ်ကို အသုံးပြုထားပြီး၊ 2nd generation Xe cores၊ 2nd generation ray tracing units နဲ့ XMX AI engines အသစ်တွေ ပါဝင်လာပါတယ်။
![]() |
ဒါကြောင့် တောင်းဆိုမှုမြင့်မားတဲ့ နောက်ဆုံးထွက် AAA ဂိမ်းတွေ ကစားနိုင်ရုံသာမက၊ အရင်က Integrated Graphics တွေ အနားမကပ်နိုင်ခဲ့တဲ့ Ray Tracing ပါ ဖွင့်လို့ရတဲ့အထိ စွမ်းအားကောင်းမွန်လာတာကို တွေ့ရပါတယ်။
Claw 8 AI+ ဟာ စွမ်းအားကောင်းမွန်တယ်ဆိုပေမယ့်၊ တပ်ဆင်ထားတဲ့ Integrated Graphics နဲ့ လိုက်ဖက်မယ့် Low နဲ့ Medium Setting တွေကို Native Resolution ဖြစ်တဲ့ 1200P မှာပဲ စမ်းသပ်ထားပါတယ်။ ဂိမ်း ၁၃ ခုမှာ XeSS လို Scaling စနစ်တွေ အသုံးမပြုဘဲ စမ်းသပ်ခဲ့ရာမှာ ပျမ်းမျှ 50 FPS နဲ့ 44 FPS အသီးသီး ရရှိတာကို တွေ့ရပါတယ်။
ဒါပေမဲ့ တောင်းဆိုမှုများတဲ့ Ray Tracing အတွက်ကိုတော့ 900P မှာ XeSS ဖွင့်ပြီး ဂိမ်း ၆ ခုနဲ့ စမ်းသပ်ခဲ့ရာမှာ ပျမ်းမျှ 50 FPS ရရှိတာကို တွေ့ရပါတယ်။ Ray Tracing ဖွင့်ပြီးတောင် ကောင်းစွာ ကစားနိုင်စွမ်းရှိတာကို တွေ့ရလို့ Handheld တစ်ခုအနေနဲ့ အားရစရာကောင်းတဲ့ စွမ်းဆောင်ရည်လို့ ဆိုနိုင်ပါတယ်။
Battery Life
Claw 8 AI+ မှာ Handheld တစ်ခုအတွက် အရွယ်အစားကြီးမားတဲ့ 80WHr ဘက်ထရီ ပါဝင်ပါတယ်။ ဘက်ထရီသက်တမ်းကို Audio Level နဲ့ Brightness ကို 50% ထားပြီး Power Balanced Mode မှာ စမ်းသပ်တိုင်းတာခဲ့ရာမှာ Netflix ကို ၁၁ နာရီကျော်လောက် ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဂိမ်းကစားရင်တော့ ဒီလို ဘက်ထရီခံဖို့ မဖြစ်နိုင်ပါဘူး။
ဘက်ထရီနဲ့ဂိမ်းကစားမယ်ဆိုရင် အနည်းဆုံး TDP ဖြစ်တဲ့ 8W မှာ ၆နာရီခွဲလောက်ရနိုင်ပြီး ဒီ TDP က ပေါ့ပါးတဲ့ဂိမ်းတွေလောက်သာအဆင်ပြေပါတယ်။ 17W မှာဆိုရင်တော့ ဂိမ်းတော်တော်များများကိုဆော့လိုရလာပြီး ၃နာရီခွဲလောက်ကစားနိုင်ပါတယ်။ အကယ်၍ စွမ်းဆောင်ရည်အကောင်းဆုံးမှလိုချင်တယ်ဆိုရင်တော့ 30W မှာ ၂နာရီကျော်နဲ့ 37W မှာတော့ ၂နာရီနီးပါးသာ ကစားနိုင်တာတွေ့ရပါတယ်။
အားသာချက်တစ်ခုကတော့ TDP Slider နဲ့ စိတ်ကြိုက် ချိန်ညှိလို့ရတဲ့အတွက် ကိုယ်ကစားမယ့်ဂိမ်းအတွက် အသင့်တော်ဆုံး TDP ကို ရွေးချယ်နိုင်တာပါပဲ။ Claw 8 AI+ ကို အားအပြည့် ပြန်သွင်းမယ်ဆိုရင်တော့ အရွယ်ကြီးတဲ့ ဘက်ထရီကြောင့် ၂ နာရီခွဲလောက် အချိန်ပေးရမှာ ဖြစ်ပါတယ်။
Temperatures and Noise
Cooling ပိုင်းအတွက်ဆိုရရင် Claw 8 AI+ မှာ Cooling Fan ၂ခုပါဝင်တာကြောင့် ပုံမှန် Fan ၁ခုသာပါဝင်တဲ့ Handheld တွေထက် အပူစွန့်ထုတ်နိုင်မှုပိုမိုအားကောင်းသလို Rendering လုပ်နေချိန်မှာတောင် လုံးဝဆူညံမှုမရှိပါတာက အရမ်းသဘောကျစရာကောင်းပါတယ်။
ဂိမ်းကစားတဲ့အခါ Fan ကို Auto Mode မှာထားကစားရင် အများဆုံး CPU က 85°C လောက်တက်လာပြီး Cooler Boost ဖွင့်ပြီး ကစားမယ်ဆိုရင် CPU က 71°C သာရှိတာကို တွေ့ရပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။
Clock Speed and Power Draw
Clock Speed ပိုင်းကိုပြောရရင် Core Ultra 7-258V ဟာ အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.8GHz အထိရပါတယ်။ Battlefield V ဂိမ်းဆော့နေချိန်မှာဆို အချို့ဂိမ်းတွေမှာ P-Cores တွေဟာ 4.8 GHzအထိရပြီး အများအားဖြင့်တော့ 4.5GHzအထိရကာ LP-Cores တွေက 3.8GHz ဝန်းကျင်မှာရှိပါတယ်။ CPU Rendering လုပ်ချိန်မှာ Multi Core မှာတော့ P-Cores တွေဟာ 4.1GHz နဲ့ LP-cores တွေဟာ 3.7GHz အထိသာ အများဆုံးတွန်းပေးတာတွေ့ရပါတယ်။
ပါဝါသုံးစွဲမှုအနေနဲ့ CPU ဟာ Single Core Load မှာ 16W လောက်သာအသုံးပြုတာ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ အများအားဖြင့် 32W အထိရှိပြိး အမြင့်ဆုံးကတော့ 43W အထိရှိတာတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အချိန်မှာတော့ TDP ကို 37W အထိတင်ထားရင် အများအားဖြင့် CPU ဟာ 27~32W ကြားမှာရှိပါတယ်။
The Good
- Exceptional Performance
- 2x Thunderbolt 4 Ports
- 120Hz IPS Display with VRR
- Nice Speakers
- Silent Fans
- Big Battery
The Bad
- Pricey
- Quite Heavy
- No Webcam
- Grip Should Be More Ergonomic
Conclusion
MSI Claw 8 AI+ က Windows အခြေခံ Handheld PC တွေထဲမှာဆိုရင် တကယ်ကို စွမ်းဆောင်ရည်ကောင်းမွန်လွန်းပါတယ်။ သူ့ရဲ့ GPU ဆိုတာ ကျွန်တော် စမ်းဖူးသမျှ integrated graphics processor (iGP) တွေထဲမှာ အမြန်ဆုံးဖြစ်ပါတယ်။ Entry-level GPU နီးပါး မြန်ဆန်တာကြောင့် AAA ဂိမ်းကြီးတွေဆိုလည်း လုံးဝ စိတ်ပူစရာမလိုဘဲ ကစားလို့ရပါတယ်။ ဒါကြောင့် ဂိမ်းသမားတွေအတွက်ကတော့ တကယ်ကို အားကိုးရမယ့် Handheld တစ်လုံးလို့ ဆိုနိုင်ပါတယ်။ ဂိမ်းကစားရတဲ့ ခံစားချက်ကလည်းကောင်းမွန်ပြီး ကစားနေတဲ့အချိန်မှာလည်း ပန်ကာသံတွေက လုံးဝ မကြားရသလောက် တိတ်ဆိတ်သလို စပီကာတွေကလည်း အသံထွက်တကယ်ကောင်းပါတယ်။ ဒီလိုအားသာချက်တွေ အများကြီးပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ အဓိကအားနည်းချက်ကတော့ $930 လောက်ကျသင့်မဲ့ သူ့ရဲ့စျေးနှုန်းပါပဲ။ ဒီစျေးတန်းမှာဆိုရင် Desktop PC တစ်ခုဆင်နိုင်သလို Gaming Laptop တစ်ခုလည်းဝယ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သွားတဲ့နေရာတိုင်း ဂိမ်းကစားချင်တဲ့သူတွေအတွက်တော့ ဒီ Windows အခြေခံ MSI Claw 8 AI+ ကြောင့် မိတ်ဆွေတို့ရဲ့ ဂိမ်းကစားချိန်တွေက အရင်ထက် ပိုများလာဖို့ပဲ ရှိပါတယ်လို့ ပြောချင်ပါတယ်။
(ဒီ Review ဖြစ်မြောက်အောင် Review Unit ပံ့ပိုးပေးတဲ့ MSI Gaming Myanmar ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။)
0 Comments