![]() |
Image: Pioneer |
Optical Drive တွေကို နှစ်သက်သဘောကျတဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။ Pioneer ဟာ PC optical disc drive ဈေးကွက်ကနေ တရားဝင် ထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာ PC disk drive တွေ ထုတ်လုပ်လာခဲ့တဲ့ Pioneer ဟာ အခုတော့ ဒီလုပ်ငန်းကနေ အပြီးအပိုင် လက်ပြနှုတ်ဆက်လိုက်ပါပြီ။ သူ့ရဲ့ Pioneer Digital Design and Manufacturing (PDDM) ကုမ္ပဏီခွဲကိုလည်း တရုတ်နိုင်ငံက Shanxi Lightchain Technology Industrial Development Co. ထံ ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာတော့ Pioneer ဟာ မော်တော်ကားဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ရေးဘက်ကိုပဲ အာရုံစိုက် လုပ်ဆောင်သွားတော့မှာပါ။ ဒါကြောင့် Pioneer တံဆိပ် ကား CD player တွေကိုတော့ ဆက်ပြီး မြင်တွေ့ရဦးမှာ ဖြစ်ပေမယ့်၊ ထိပ်တန်း optical disc drive ထုတ်လုပ်သူ Pioneer ရဲ့ ဩဇာကတော့ ချုပ်ငြိမ်းသွားပြီလို့ ဆိုရမှာပါ။ ဒီသတင်းဟာ Sony ကုမ္ပဏီက Blu-Ray media ဈေးကွက်ကနေ ထွက်ခွာသွားကြောင်း ကြေညာပြီး သိပ်မကြာခင်မှာပဲ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ LG ကလည်း Streaming ဝန်ဆောင်မှုတွေခေတ်စားလာတာကြောင့် ၂၀၂၄ခုနှစ်ကုန်လောက်မှာ Blu-ray player တွေထုတ်လုပ်မှုရပ်ဆိုင်းခဲ့ရပါတယ်။
တကယ်တော့ ဝမ်းနည်းစရာပါပဲ၊ optical media တွေဟာ အရင်လို လူသိပ်မသုံးကြတော့တဲ့အတွက် optical disc drive အသစ်တွေ ဒီဇိုင်းထုတ်ဖို့နဲ့ ထုတ်လုပ်ဖို့ကလည်း အကျိုးအမြတ်နည်းပါးလာပါတယ်။ PC သုံးစွဲသူအများစုဟာလည်း optical media တွေကို အသုံးမပြုကြတော့တာ ကြာပါပြီ။ Optical media တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အချက်အလက်သိမ်းဆည်းဖို့အတွက် လူကြိုက်များတဲ့ကြားခံပစ္စည်းတစ်ခု မဟုတ်တော့ပါဘူး။ အခုခေတ်က ဒစ်ဂျစ်တယ်ဒေါင်းလုဒ်တွေရဲ့ ခေတ်ဖြစ်လာပြီး optical media တွေဟာ တဖြည်းဖြည်းနဲ့ ရှားပါးပစ္စည်းလို ဖြစ်လာနေပါပြီ။ နောက်ဆုံး PC hardware အသစ်တစ်ခုခု ဝယ်တုန်းက driver CD ပါလာခဲ့တာ ဘယ်အချိန်ကပါလိမ့်လို့ ပြန်စဉ်းစားကြည့်ပါဦး။
Pioneer နောက်ဆုံးအနေနဲ့ ထုတ်လုပ်ခဲ့တဲ့ optical disk drive ကတော့ ၂၀၂၄ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ BDR-X13U-X BDXL ဖြစ်ပါတယ်။ Pioneer ဟာ optical disk drive တွေကို နှစ်ပေါင်း ၃၀ ကျော်တိုင်တိုင် ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကြီးတစ်ခုပါ။ မကြာခင်မှာတော့ ကမ္ဘာတစ်ဝန်းက Pioneer optical disk drive တွေရဲ့ လက်ကျန်ဟာ တဖြည်းဖြည်း ကုန်ခန်းသွားတော့မှာဖြစ်ပြီး၊ တစ်ချိန်က optical media လောကမှာ ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ခဲ့တဲ့ Pioneer ရဲ့ ခေတ်တစ်ခေတ်ဟာလည်း အဆုံးသတ်သွားတော့မှာ ဖြစ်ပါတယ်။
Source: OC3D
0 Comments