![]() |
Image: Shutterstock |
ဒီနေ့ X (ယခင် Twitter) မှာ Elon Musk က သူ့ရဲ့ xAI ကနေ Grok အတွက် update အသစ် ထွက်လာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ Grok 3.5 လို့ခေါ်တဲ့ ဒီ ဗားရှင်းအသစ်ကတော့ အခုထိ beta အဆင့်မှာသာရှိပြီး လူအများသုံးဖို့တော့ ချက်ချင်းရမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် SuperGrok သုံးနေတဲ့သူတွေကတော့ နောက်အပတ်ကစပြီး ဒီစနစ်သစ်ကို အစမ်းသုံးကြည့်ခွင့် ရတော့မှာပါ။ Beta ကို ဘယ်နေ့အတိအကျ ထုတ်ပေးမလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။
ဒီကြေညာချက် မထွက်ခင်ကတည်းက Musk က GPU တစ်သန်းလောက်သုံးပြီး AI စူပါကွန်ပျူတာကြီးတစ်ခု တည်ဆောက်ဖို့ ဒေါ်လာ ဘီလီယံ ဆယ်နဲ့ချီ ရင်းနှီးမြှုပ်နှံမှု ရှာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာပါ။ နောက်ပြီး xAI က သူတို့ရဲ့ လက်ရှိ Colossus စူပါကွန်ပျူတာကို တရားမဝင် ဓာတ်အားပေးစက်တွေနဲ့ လည်ပတ်နေတယ်ဆိုပြီး စွပ်စွဲခံနေရတာမျိုးတွေလည်း ရှိနေပါတယ်။
အခု Grok 3.5 ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်ကတော့ နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးတဲ့ မေးခွန်းတွေကို တမူထူးခြားတဲ့ အဖြေတွေ ပေးနိုင်စွမ်းရှိတာပါပဲ။ အတိအကျပြောရရင် Musk က လျှပ်စစ်ဓာတုဗေဒ (electrochemistry) တို့၊ ဒုံးပျံအင်ဂျင် (rocket engines) တို့လို ခက်ခဲတဲ့ အကြောင်းအရာတွေကို တော်တော်လေး တိကျမှန်ကန်စွာ ဖြေရှင်းပြနိုင်တယ်လို့ အသားပေး ပြောထားပါတယ်။ တခြား AI တွေကလည်း နည်းပညာမေးခွန်းတွေကို ဖြေနိုင်ပေမယ့် Grok 3.5 ကတော့ ချဉ်းကပ်ပုံ ကွဲပြားပါတယ်။
AI အတော်များများက အင်တာနက်ပေါ်က အချက်အလက်တွေကို ရှာဖွေစုဆောင်းပြီး အဲ့ဒီကရတဲ့ သတင်းအချက်အလက်တွေနဲ့ အဖြေတွေကို ပြန်လည်ဖွဲ့စည်းပေးတာပါ။ Grok 3.5 ကတော့ အဲ့လိုမဟုတ်ဘဲ "စဥ်းစားတွေးခေါ်နိုင်တဲ့" (reasoning model) ကို သုံးပြီး အဖြေတွေကို သူ့ဘာသာသူ အစကနေ ဖန်တီးထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူပေးတဲ့ အဖြေတွေဟာ အင်တာနက်ပေါ်မှာ ရှိပြီးသား စာသားတွေကို ကူးချထားတာမျိုး မဟုတ်ဘဲ တကယ်ကို ထူးခြားတဲ့ အဖြေတွေ ဖြစ်နိုင်ခြေရှိပါတယ်။
ဒီနည်းလမ်းက DeepSeek R1 လို့ခေါ်တဲ့ AI နဲ့ ဆင်တူသလိုရှိပါတယ်။ အဲ့ဒီ AI ကလည်း ဒီလို စဥ်းစားတွေးခေါ်နိုင်တဲ့ reasoning model တစ်မျိုးကို သုံးထားတာပါ။ ဒီလိုလုပ်နိုင်တာကြောင့် သူများဆီက ကူးယူထားတာမျိုး ဖြစ်နိုင်တဲ့ အကြောင်းအရာတွေပေါ် မှီခိုစရာမလိုဘဲ ပိုမို ကောင်းမွန်တဲ့ အတွေ့အကြုံကို ပေးနိုင်သလို၊ ရှုပ်ထွေးတဲ့ မေးခွန်းတွေကို ဖြေရှင်းရာမှာလည်း ပိုပြီး စွမ်းဆောင်ရည် ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုနည်းပညာမျိုးက ကုန်ကျစရိတ်များပြီး computing power အများကြီး လိုအပ်ပါတယ်။ ဒါကြောင့်လည်း xAI က သူတို့ရဲ့ ကွန်ပျူတာစွမ်းအားကို တိုးချဲ့ဖို့ နည်းလမ်းတွေ ရှာနေတာ ဖြစ်နိုင်ပါတယ်။
Grok 3.5 ရဲ့ စွမ်းဆောင်ရည်အကြောင်း အသေးစိတ်ကိုတော့ လာမယ့် ရက်သတ္တပတ်တွေမှာ ပိုသိလာရဖို့ မျှော်လင့်ရပါတယ်။ ဒါက စမ်းသပ်ဆဲ beta အဆင့်ပဲ ရှိသေးတာမို့ တကယ်တရားဝင် ထွက်လာတဲ့အခါ ရလဒ်ပိုင်းမှာ ကွာခြားမှုတွေ ရှိနိုင်တယ်ဆိုတာကိုလည်း သတိပြုဖို့ လိုပါတယ်။ အဲ့ဒီအချိန်အထိတော့ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုပဲ ကျနော်တို့ ခန့်မှန်းစောင့်ကြည့်နေရဦးမှာပါ။
Source: Tom's Hardware
0 Comments