Subscribe Us

header ads

အမေရိကန်သုတေတီများက ထိခိုက်ဒဏ်ရာကို သိရှိပြီး ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်သည့် ကြွက်သားတုကို အောင်မြင်စွာတီထွင်နိုင်ခဲ့

Image: University of Nebraska–Lincoln via Tom's Hardware

နီဘရားစကားလင်ကွန်းတက္ကသိုလ်က သုတေသီအဖွဲ့တစ်ဖွဲ့ဟာ စက်ရုပ်လုပ်ငန်းနယ်ပယ်အတွက် ကြီးမားတဲ့ တိုးတက်မှုတစ်ရပ်ကို ဖော်ဆောင်လိုက်ပါပြီ။ သူတို့ဟာ ပျော့ပြောင်းတဲ့ စက်ရုပ်တွေနဲ့ ဝတ်ဆင်နိုင်တဲ့ စနစ်တွေမှာ အသုံးပြုဖို့ ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်တဲ့ ကြွက်သားတုတစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ ဒီကြွက်သားဟာ တိရစ္ဆာန်တွေနဲ့ အပင်တွေလိုပဲ ထိခိုက်ဒဏ်ရာတွေကို သိရှိပြီး ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဒါဟာ လူသားတွေဖန်တီးပြုလုပ်ထားတဲ့ စနစ်တွေမှာ ကာလရှည်ကြာ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့တာဖြစ်တယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။ 

သက်ရှိတွေမှာ ထိခိုက်ဒဏ်ရာကို သိရှိပြီး ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်ခြင်းဟာ အလွန်အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ စက်ရုပ်ထုတ်လုပ်သူတွေအတွက်တော့ ဒါက ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါကြောင့် သုတေသီတွေဟာ ဒီနေရာမှာ ဇီဝတုပမှု (biomimicry) ဆိုတဲ့နည်းလမ်းကို အသုံးပြုပြီး သုတေသနပြုခဲ့ကြတာပါ။

သူတို့ တင်ပြခဲ့တဲ့ အဓိက တိုးတက်မှုကတော့ ထိုးဖောက်ခံရတာ ဒါမှမဟုတ် ပြင်းထန်တဲ့ ဖိအားကြောင့် ပျက်စီးတာလားဆိုတာကို ခွဲခြားသတ်မှတ်နိုင်ပြီး ဘယ်နေရာမှာ ပျက်စီးသွားလဲဆိုတာကို တိတိကျကျ ဖော်ထုတ်နိုင်ကာ ကိုယ့်ဘာသာ ပြန်လည်ပြုပြင်ခြင်းကို အလိုအလျောက် စတင်နိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီအတွက် အလွှာပေါင်းစုံပါဝင်တဲ့ တည်ဆောက်ပုံတစ်ခုကို မကြာသေးမီက အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာ ကျင်းပခဲ့တဲ့ IEEE International Conference on Robotics and Automation မှာ တင်ပြခဲ့ပါတယ်။

Image: University of Nebraska–Lincoln via Tom's Hardware

ဒီကြွက်သား ဒါမှမဟုတ် actuator မှာ အလွှာသုံးလွှာ ပါဝင်ပါတယ်။ အောက်ဆုံးအလွှာက ပျက်စီးမှုကို ထောက်လှမ်းတဲ့ အလွှာ ဖြစ်ပြီး အရည်သတ္တု အစက်လေးတွေကို ဆီလီကွန်ထဲမှာ ထည့်သွင်းထားတဲ့ ပျော့ပျောင်းတဲ့ အီလက်ထရွန်နစ် အရေပြားနဲ့ ဖွဲ့စည်းထားပါတယ်။ အလယ်အလွှာကတော့ မာကျောတဲ့ thermoplastic elastomer ကို သုံးထားပြီး ဒီပစ္စည်းက မိမိဘာသာ ပြန်လည်ပြုပြင်တဲ့ အစိတ်အပိုင်းအဖြစ် လုပ်ဆောင်ပါတယ်။ အပေါ်ဆုံးအလွှာကတော့ actuation layer ဖြစ်ပြီး ရေဖိအား ပြောင်းလဲမှုနဲ့အမျှ ကျုံ့နိုင်၊ ဆန့်နိုင်တဲ့ အလွှာပဲ ဖြစ်ပါတယ်။

ပြင်ပက ဝင်ရောက်စွက်ဖက်စရာမလိုဘဲ ကိုယ်တိုင်ပြုပြင်တဲ့ ယန္တရားကို ဖန်တီးဖို့အတွက် အဆိုပါဒီဇိုင်းရဲ့ "အရေပြား" ပေါ်မှာ ကွန်ရက်တစ်ခုလို စီးဆင်းနေတဲ့ လျှပ်စီးကြောင်း အမျိုးမျိုးကို စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် လျှပ်စစ်ကွန်ရက်ကို ထိခိုက်စေတာက ပျက်စီးမှုကို သိရှိစေပါတယ်။ ပျက်စီးနေတဲ့ နေရာတွေကို အပူပေးဖို့ ဒီကွန်ရက်ကနေပဲ တွန်းအားပေးပြီး thermoplastic အလွှာကို အရည်ပျော်စေကာ အက်ကွဲကြောင်းတွေကို ပိတ်ဆို့စေပါတယ်။ ဒါကို သုတေသီတွေက "ဒဏ်ရာကို ထိရောက်စွာ ကိုယ်တိုင်ပြုပြင်ခြင်း" လို့ ခေါ်ဆိုပါတယ်။

Image: University of Nebraska–Lincoln via Tom's Hardware

တကယ်လို့ တူညီတဲ့ နေရာမှာ ထပ်မံ ထိခိုက်ပျက်စီးမှု ရှိလာရင်ရော။ သိပ္ပံပညာရှင်တွေက ဒီအချက်ကို စဉ်းစားထားပြီး အရေပြားအလွှာရဲ့ လျှပ်စစ်ကွန်ရက်ကို ပြန်လည်သတ်မှတ်တဲ့ နည်းလမ်းကို တီထွင်ခဲ့ပါတယ်။ ဒီပြန်လည်သတ်မှတ်တဲ့ နည်းပညာဟာ electromigration ရဲ့ သက်ရောက်မှုတွေကို အသုံးချတာဖြစ်ပြီး လျှပ်စစ်စီးကြောင်းကြောင့် သတ္တုအက်တမ်တွေ ရွေ့လျားသွားတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်မရှိရင် ကိုယ်တိုင်ပြုပြင်တဲ့ စနစ်ဟာ ပျက်စီးမှုနဲ့ ပြုပြင်မှု တစ်ကြိမ်သာ လုပ်ဆောင်နိုင်မှာဖြစ်လို့ ဒါက အလွန်အရေးကြီးတဲ့ တီထွင်မှုတစ်ခု လို့ဆိုနိုင်ပါတယ်။

သုတေသီတွေက သစ်ပင်စိုက်ပျိုးသူတို့ရဲ့ ပြည်နယ်လို့ ခေါ်တဲ့ နီဘရားစကားမှာ အခြေစိုက်ထားတာမို့ ဒီနည်းပညာရဲ့ ပထမဆုံး အသုံးချမှုတွေကတော့ သစ်ကိုင်းတွေ၊ ဆူးတွေကြောင့် ထိခိုက်ပျက်စီးနိုင်တဲ့ စိုက်ပျိုးရေးစက်ရုပ်တွေမှာ ဖြစ်လိမ့်မယ်လို့ စဉ်းစားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ဟာ ဝတ်ဆင်နိုင်တဲ့ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးရေး ကိရိယာတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ စားသုံးသူ အီလက်ထရွန်နစ် အသုံးချမှုတွေမှာပါ ဒီနည်းပညာကို အသုံးပြုနိုင်တဲ့ အလားအလာတွေကို မြင်နေတွေ့နေကြပြီဖြစ်ပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments